Search
Close this search box.
Search
Close this search box.

AMI Life News

အမြင်အာရုံကောင်းစေသောအစားအစာများ

တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ စမတ်ဖုန်းဆိုတာ ကလေးငယ်ကစလို့ လူကြီးတွေအထိ လူတိုင်းရဲ့မရှိမဖြစ်အသုံးအဆောင်ဖြစ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့  မျက်စိအမြင်အာရုံပြဿနာတွေလည်း ရင်ကထက်ပိုပြီးအဖြစ်များလာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မျက်လုံးကျန်းမာရေးအတွက်အရေးကြီးတဲ့ အာဟာရနဲ့ အစားအစာတွေကို သိရှိစားသုံးနိုင်အောင် မျှဝေလိုက်ရပါတယ်။

? ဗီတာမင် အေ

ဗီတာမင်အေဆိုတာ မျက်စိဗီတာမင်လို့တောင်တင်စားခေါ်ဝေါ်ကြတဲ့အထိ အမြင်အာရုံကောင်းဖို့အတွက် သိပ်အရေးကြီးပါတယ်။ မျက်ကြည်လွှာကို ကြည်လင်အောင်၊ အလင်းနည်းတဲ့အချိန်တွေမှာ မြင်နိုင်အောင်ကူညီပေးပါတယ်။ ဘီတာကယ်ရိုတင်းဆိုတာလည်း ဗီတာမင်အေတစ်မျိုးပါပဲ။

ဗီတာမင်အေကြွယ်ဝတဲ့အစားအစာတွေကတော့…

?မုန်လာဥနီ

?ကန်စွန်းဥ

?ဟင်းနုနွယ်

?ကိုက်လန်  

?တရုတ်ဇီးသီး စတာတွေဖြစ်ပါတယ်။

? အိုမီဂါ 3

အိုမီဂါ 3 က မျက်လုံးအစိုဓာတ်ကိုထိန်း‌ပေးပြီး မျက်သားခြောက်ခြင်း၊ အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ မြင်လွှာအလယ်ပိုင်းပျက်စီးခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

အိုမီဂါ 3 ကြွယ်ဝတဲ့အစားအစာတွေကတော့ …

?ငါး(ဆယ်မွန်၊ ဆာဒင်း၊ မက်ကရယ်ငါး)

?နှမ်းကြတ်စေ့(Flaxseeds)

?ချီယာစေ့(Chia seeds)

?သစ်ကြားသီး စတာတွေဖြစ်ပါတယ်။

? Lutein နဲ့ Zeaxanthin

Lutein နဲ့ Zeaxanthin ဆိုတာ မျက်စိကို အန္တရာယ်ဖြစ်စေတဲ့ အပြာရောင်လိုအလင်းတွေကနေ ကာကွယ်ပေးတဲ့ အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီနှစ်ခုတွဲက အတွင်းတိမ်နဲ့ အသက်ကြီးသူတွေမှာဖြစ်တတ်တဲ့ မြင်လွှာအလယ်ပိုင်းပျက်စီးခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ဒီဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေကတော့ …

?ဟင်းနုနွယ်

?ကိုက်လန်

?ဆလတ်ရွက်

?ဥအနှစ်

?ကီဝီသီး

?လိမ္မော်ရောင်ငရုတ်ပွ စတာတွေဖြစ်ပါတယ်။ 

? ဗီတာမင်စီ

ဗီတာမင်စီဆိုတာ ကိုယ်ခံအားကိုကောင်းစေရုံသာမဟုတ်ဘဲ မျက်လုံးကျန်းမာရေးအတွက်လည်း အလွန်အရေးကြီးပါတယ်။ မျက်လုံးသွေးကြောတွေကို အထောက်အပံ့ပေးပြီး အတွင်းတိမ်မဖြစ်အောင် ကူညီကာကွယ်ပေးပါတယ်။

ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကတော့ …

?မာလကာသီး

?လိမ္မော်သီး

?ကမ္ဗလာသီး

?ငရုတ်ပွ

?ခရမ်းချဉ်သီး စတာတွေဖြစ်ပါတယ်။

? ဇင့်ဓာတ်

ဇင့်ဆိုတာ အမြင်အာရုံကောင်းမွန်ဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးပါပဲ။ အသည်းမှာသိမ်းဆည်းထားတဲ့ ဗီတာမင်အေကို မျက်လုံးဆီပို့ဆောင်ရာမှာကူညီပေးပါတယ်။ ဇင့်ဓာတ်ချို့တဲ့ရင် ညဘက်ကောင်းကောင်းမမြင်ရတာမျိုးဖြစ်နိုင်ပါတယ်။

ဇင့်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကတော့ …

?အမဲသား

?ဝက်သား

?ကမာကောင်

?ပဲနီကလေး 

?ကုလားပဲ စတာတွေဖြစ်ပါတယ်။

မျက်စိကျန်းမာရေးကိုဂရုစိုက်တယ်ဆိုတာ မျက်လုံးကိုပုံမှန်စစ်ဆေးမှုပြုလုပ်တာတစ်ခုတည်းမဟုတ်ဘဲ အစားအစာကို ရွေးချယ်စားသောက်တတ်ခြင်းလည်း ပါဝင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားလိုက်တဲ့အစားအစာတွေဟာ အရသာရှိရုံတင်မကဘဲ အာဟာရပြည့်စုံကြွယ်ဝဖို့ အရေးကြီးကြောင်းပြောကြားရင်း မျက်စိကိုကောင်းစွာအစာကျွေးကြဖို့ အသိပေးလိုက်ရပါတယ်။

Share Now: